Family-Friendly Working Conditions


ကျန်းမာရေး၊ လူမှုရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့အတွက် အဆင်ပြေမည့် လုပ်ငန်းခွင် နို့ချိုထိန်းခန်းများ (Lactation Rooms at Workplaces)

Stories

 

Lactation Room at AYA Bank

သြဂုတ်လ ပထမပတ် ဟာ နို့ချိုတိုက်ကျွေးမှုဆိုင်ရာ လှုပ်ရှားမှု သီတင်းပတ်ဖြစ်ပါတယ်။ နို့ချို တိုက်ကျွေးမှု မြှင့်တင်ဖို့ လှုပ်ရှားစည်းရုံးမှုများ ပြုလုပ်တဲ့ ကာလပါ။ မိခင်နို့ရည် သောက်သုံးခွင့်ရတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ ကလေးတိုင်းအတွက် အကောင်းဆုံး အာဟာရက မိခင်နို့ရည်ပါပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်ကို ပြည့်ဝစွာ သောက်သုံးခွင့် မရရှိတဲ့ ကလေးများရှိပါတယ်။ မိခင်တွေ လုပ်ငန်းခွင် ဝင်ရလို့ ကလေးများအတွက် အာဟာရပိုင်း လစ်ဟင်းမှု ရှိတတ်ပါတယ်။ မိမိသားသမီးက အာဟာရမပြည့်ဝခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြုံရတဲ့အခါ လုပ်ငန်းခွင်ဝင် နေတဲ့ မိခင်လည်း လုပ်ငန်းအပေါ် အပြည့်အဝ အာရုံစိုက်နိုင်ခြင်း အားနည်းပါတော့တယ်။ ဒါကို ဖြေရှင်းတဲ့ ကောင်းမွန်သော လုပ်ငန်းခွင်ဆိုင်ရာ စီမံခန့်ခွဲမှု တစ်ရပ်ကို နိုင်ငံတကာနဲ့ ပြည်တွင်း လုပ်ငန်းကြီးတွေက မိတ်ဆက်လာကြပါပြီ။ ဒါကတော့ နို့ချိုထိန်းခန်း များ လုပ်ငန်းခွင်မှာ ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။

 

အမေရိကန် အလုပ်သမားဥပဒေရဲ့ မျှတသော လုပ်ငန်းခွင်စံနှုန်းအက်ဥပဒေမှာ လုပ်သားအင်အား ၅၀ နဲ့အထက်ရှိတဲ့ အလုပ်ခွင်တိုင်းမှာ လုပ်ငန်းခွင်ဝင်နေတဲ့ မိခင်တိုင်းအတွက် နို့ချိုထိန်းခန်း (lactation rooms) ထားရှိပေးရမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဂျပန်နိုင်ငံမှာလည်း လုပ်ငန်းခွင်တွေသာမက ပြတိုက်များ၊ စတိုးဆိုင်ကြီးများ၊ ဘဏ်ကြီးများမှာ ဖောက်သည်များ၊ ဝန်ထမ်းများအတွက် နို့ချို ညှစ်သိမ်းဖို့ အဆင်ပြေမယ့်၊ နို့တိုက်ဖို့ အဆင်ပြေမယ့် နို့တိုက်ခန်း၊ နို့ထိန်းခန်းတွေ ထားရှိကြတာကို သူတို့ သတင်းဆောင်းပါး တွေကနေ တွေ့ရှိရလေ့ ရှိပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်အတွင်း နို့ချိုထိန်းခန်း ထားရှိခြင်း ဆိုတဲ့ သဘောတရားဟာ တချို့နိုင်ငံတွေမှာတော့ အသစ်ဖြစ်နေပါတယ်။

 

ကျားရော မ ရော စက်ရုံ အလုပ်ရုံတွေ၊ ကုမ္ပဏီကြီးတွေ၊ တက္ကသိုလ်ကြီးတွေမှာ အလုပ်လုပ်နေတဲ့ ဒီခေတ်မှာ အမျိုးသမီးများဘဝ၊ မိသားစုဘဝ၊ မိဘဘဝ၊ နဲ့ အဆင်ပြေ လိုက်လျောညီထွေ ဖြစ်တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ရလေအောင် တိုးတက်တဲ့ အမြင်ရှိသော စီးပွားရေးလုပ်ငန်းတွေက စဉ်းစားလာကြ ပြီပဲ ဖြစ်ပါတယ်။ နို့ထိန်းခန်း တွေဟာ တကယ်တော့ မိခင် အမျိုးသမီးအလုပ်သမားတွေကို ကူညီဖေးမ ပေးတဲ့ နေရာ သက်သက်မဟုတ်ပါဘူး။ လုပ်ငန်းရှင်အတွက် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ပိုင်း ကောင်းမွန် တိုးတက်စေရေးကိုပါ အကျိုးဖြစ်ထွန်းစေတဲ့ နေရာလည်းဖြစ်ပါတယ်။ နို့ထိန်းခန်းတွေ အလုပ်ခွင်တွေမှာ ဘာကြောင့် ထားရှိကြသလဲ၊ ဘယ်လိုအကျိုးတွေရှိသလဲဆိုတာ ဝေမျှပေးပါရစေ။

 

မွေးကင်းစမှ ခြောက်လသားအထိ ရင်သွေးငယ်များအတွက် အကောင်းဆုံး အာဟာရဟာ မိခင်နို့ပဲဆိုတာ အားလုံးသိထားပြီးသားပါ။ ကုလသမဂ္ဂ နဲ့ နိုင်ငံအများအပြားက ကျန်းမာရေးဌာနများဟာ မိခင်နို့ကို တိုက်ကျွေးဖို့အတွက် လှုံ့ဆော်ပေးနေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနကလည်း မွေးကင်းစကနေ ခြောက်လအထိ မိခင်နို့ တိုက်ကျွေးဖို့ကို လမ်းညွှန် ဆော်သြလျက်ရှိပါတယ်။ လုပ်ငန်းခွင်ဝင်နေရမိခင်များဟာ မီးဖွါးခွင့် ရကြတယ် ဆိုပေမယ့် ကလေးသုံးလသားအရွယ်မှာ အဆိုပါ ခွင့်ဟာ ပြည့်သွားကြပါတယ်။ မိခင်ဖြစ်သွားတဲ့ အမျိုးသမီး အတော်များများ ကလေးအရွယ်ရောက်သည်အထိ အလုပ်က ထွက်ကြရတဲ့ အကြောင်းရင်းမှာ ဒါက အဓိက နေရာက ပါဝင်ပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ မိခင်တွေခမျာမှာလည်း ကလေးနို့ဆာနေတဲ့အချိန် နို့ကလည်း တင်းလာတာမို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ရပါတယ်။ တန်းဖိုးကြီးလှတဲ့ အာဟာရများကို ညှစ်ထုတ်လိုက်ရ တာဟာလည်း နှမျောစရာပါ။ နို့ကိုညှစ်ပြီး နို့ဗူးကလေးနဲ့ထည့်ပြီး အိမ်ပြန်သယ်သွားဖို့ဆိုတာကလည်း လုံလုံခြုံခြုံနဲ့ ညှစ်စရာနေရာကလည်း မရှိတာမို့ အိမ်သာထဲ သွားညှစ်ရပါတယ်။ သန့်ရှင်းမှုနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာရော၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရော ကြုံရပါတယ်။ ကလေးအမေ အမျိုးသမီးများရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကိုပါ နောက်ပိုင်း ထိခိုက်လာတော့တာ ဖြစ်ပါတယ်။ ဒါကို နားလည်တဲ့ လုပ်ငန်းခွင် များက ဝန်ထမ်းများအတွက် နို့ထိန်းခန်း lactation room တွေ ဖန်တီးပေးလာတာ ဖြစ်ပါတယ်။ အရင်းအနှီး မများလှပေမယ့် လူ့စွမ်းအားဆိုင်ရာရော၊ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာရော အကျိုးအမြတ် များစွာ ထွက်တဲ့ ဖန်တီးမှု ဖြစ်ပါတယ်။ နို့ထိန်းခန်း lactation room ဆိုတာ ဘာလဲ ဆက်ပြီး လေ့လာကြည့်ရအောင်။

 

Mother’s Corner at KBZ Bank

ချစ်ခြင်းမေတ္တာနဲ့ အာဟာရကို သိုလှောင်ခန်းလေး

Lactation Room နို့ထိန်းခန်း၊ နို့ညှစ်ခန်းတာ Breastfeeding room ခေါ်နို့တိုက်ခန်းနဲ့ မတူပါဘူး။ သူက နို့တိုက်ကျွေးဖို့ရည်ရွယ်ချက်နဲ့ ထားတဲ့အခန်းမျိုး မဟုတ်ပါဘူး။ နို့ချိုထိန်းဖို့ ရည်ရွယ်ချက်နဲ့ ထားတဲ့ နေရာ ဖြစ်ပါတယ်။ လုံခြုံတဲ့ အခန်းလေးဖြစ်ပြီး နို့လှန်ညှစ်ဖို့ နေရာလေး လုပ်ပေးထားတဲ့၊ နို့ချိုသိမ်းထားဖို့ ရေခဲသေတ္တာလေး ထားရှိတဲ့၊ နို့ဘူးတွေ သန့်ရှင်းရေးအတွက် ရေနွေးနဲ့ ပေါင်းတဲ့ စက်ကလေး ထားရှိပေးတဲ့ နေရာလေးပါ။ ဆေးကြောသုတ်သင်ဖို့အတွက် ဘူးခွက်နဲ့ လက်ဆေးလို့ရတဲ့ ဘုံပိုင်ဘေစင် လေး ထည့်ထားရင် အကောင်းဆုံးပါပဲ။

နို့ချိုတိုက်ကျွေးခန်း Breastfeeding room ဆိုတာကတော့ ရင်ခွင်ပိုက် ကလေးငယ်များကို ခေါ်ဆောင်လာတဲ့ မိခင်တွေ လာလေ့ရှိတဲ့ ဆေးရုံ၊ လေဆိပ်၊ ဈေးဝယ်စင်တာ၊ အစရှိတဲ့နေရာတွေမှာ နို့တိုက်မိခင် ဖောက်သည် တွေ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ နေရာမျိုးဖြစ်ပါတယ်။ ဒီလို နေရာတွေကလည်း လုံခြုံအေးဆေးစွာ မိခင်နို့ တိုက်ကျွေးနိုင်စေဖို့အတွက် စီးပွါးရေးလုပ်ငန်းတွေက စီစဉ်ပေးထားတဲ့ ကောင်းမွန်သော အလေ့အထ များဖြစ်ပါတယ်။  မိခင်နို့ တိုက်ကျွေးခြင်းကို အားပေးတဲ့ နို့တိုက်မိခင်တွေကို ကူညီတဲ့ စီးပွါးရေးအလေ့အထ ကောင်းဖြစ်ပါတယ်။

 

ဘယ်လိုပြင်ဆင်ကြမလဲ

လုပ်ငန်းခွင်မှာ နို့ချိုထိန်းခန်း ထားတော့မယ်ဆိုရင် အဆင့်သုံးဆင့်နဲ့ စဉ်းစားရတယ်လို့ ကျွမ်းကျင်သူတွေ က အကြံပြုထားပါတယ်။ STS ချဉ်းကပ်မှုလို့ ဆိုပါတယ်။ ပထမတစ်ခုက Support ခေါ် ဝိုင်းဝန်းဖေးမမှု ဖြစ်ပါတယ်။ လုပ်ငန်းရှင် နဲ့ စီမံခန့်ခွဲမှုဌာန၊ လူသားအရင်းအမြစ်ဌာန တို့ရဲ့ ဖေးမပေးတဲ့ မူဝါဒ ရှိဖို့လိုပါတယ်။ လုပ်ဖော်ကိုင်ဖက်များရဲ့ နားလည်ဖေးမပေးမှု ဖြစ်ပါတယ်။ ဒုတိယတစ်ခုက အချိန်ပေးမှု Time ဖြစ်ပါတယ်။ နို့တိုက်မိခင် ဝန်ထမ်းက နို့ထိန်းခန်းထဲဝင်ခွင့်ကို တစ်နာရီပေးရပါတယ်။ အတိအကျအားဖြင့် နာရီဝက် နှစ်ကြိမ် ဖြစ်ပါတယ်။ တစ်ရက်ကို နှစ်ကြိမ်ဝင်ပြီး နို့ညှစ်၊ နို့အိတ်ကို အိမ်ပြန်သယ်သွား နိုင်ဖို့ အခန်းထဲက ရေခဲသေတ္တာမှာ ထည့်ထားရပါတယ်။ နောက်ဆုံတစ်ခုကတော့ နေရာလေး Space ဖြစ်ပါတယ်။ အကျယ်ကြီး ဖြစ်စရာ မလိုပါဘူး။ သီးသန့်လေး လုံလုံခြုံခြုံရှိမယ်၊ သန့်ရှင်းမယ်၊ သက်တောင့်သက်သာ ရှိမယ်ဆိုရင် ရပါပြီ။

Mom’s Club at Victoria Hospital Yangon

မေမေ အလုပ်သွားပေမယ့် မိခင်နို့သောက်ရတယ်

မိခင်နို့ အာဟာရ ရရှိတဲ့ ကလေးငယ်များဟာ ဖော်မြူလာနို့မှုန့်သောက်ရတဲ့ ကလေးများထက် ကျန်းမာရေး ပိုကောင်းတတ်ပါတယ်။ မိခင်နို့သောက်ရတဲ့ ကလေးများဟာ နေမကောင်းဖြစ်ခဲတာမို့ နာမကျန်းတဲ့ ကလေးငယ် ကို ပြုစုနေရလို့ ပေးရတဲ့ အချိန် ပိုနည်းသွားပါတယ်။ လုပ်ငန်းရှင်ဘက်က ကြည့်မယ်ဆိုရင်လည်း အလုပ်ပျက်တာမျိုး မရှိတဲ့အတွက် အကျိုးရှိပါတယ်။

အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ပိုကောင်းလာမယ်

မိခင်များအတွက် အဆင်ပြေမယ့် နို့ချိုထိန်းခန်း၊ နို့ညှစ်ခန်းလေး လုပ်ပေးထားခြင်းဟာ အလုပ်ရှင်က အလုပ်သမား အပေါ်ထားရှိတဲ့ စေတနာကို ပြသရာလည်း ရောက်ပါတယ်။ အင်တာပရိုက်စ် တွေရဲ့ အောင်မြင်မှုမှာ လူသားအရင်းအမြစ်ကောင်းခြင်း ကလည်း နောက်ခံအကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းရှင် အနေနဲ့ ကျွမ်းကျင်တဲ့ လူမျိုးစုံ နောက်ခံစုံ လုပ်သားအင်အားစုကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ကလေးရလို့ အလုပ်ထွက်ရတဲ့ အမျိုးသမီးဝန်ထမ်းကောင်း ဆုံးရှူံးမှုကို တားဆီး ပြီးသား ဖြစ်ပါတယ်။ သားသမီးအတွက် မပူပင်ရတော့တဲ့ မိခင်ဟာ ပျော်ရွှင်ကြည်လင်စွာနဲ့ အလုပ်ကို ပိုအာရုံ စိုက်နိုင်ပြီပေါ့။

Family-Friendly Working Conditions – AYA Bank

လုပ်ငန်းခွင်ဝင်တဲ့ အမျိုးသမီးများကို အားပေးမြှင့်တင်ရာ ရောက်ပါတယ်

လုပ်ငန်းခွင်မှာ နို့ချိုထိန်းခန်း လုပ်ပေးထားခြင်းဟာ အမျိုးသမီးတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘောင် ပိုကျယ်သွားစေပါတယ်။ သားသမီးလိုချင်ပေမယ့် အလုပ်မထွက်နိုင်သေးတဲ့ ဝန်ထုပ်ဝန်ပိုး၊ သားသမီးကို မိခင်နို့ချို တိုက်ချင်လို့ ဝါသနာပါတဲ့ အလုပ်ထွက်လိုက်ရတဲ့ သောက၊ အလုပ်လုပ်နေရင်း နို့တင်းလာလို့ ညှစ်ထုတ်လိုက်ရတဲ့ နာကျင်မှုတွေဟာ လုပ်ငန်းခွင်ဝင် မိခင်တို့အတွက် မမျှတစွာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှု တွေပါပဲ။ နို့ချိုထိန်းခန်း ဖန်တီးပေးထားခြင်းဟာ မိခင်တို့အတွက် လုံးလုံးလျားလျား မဟုတ်တောင် အတိုင်းအတာ တစ်ခုအထိ အဆင်ပြေသွားစေပါတယ်။

မိသားစုဝင်ငွေ

ယခုခေတ်ဟာ လင်ရော မယားရော အလုပ်လုပ်ကြရတဲ့ ခေတ်ပါ။ တစ်ယောက်က အလုပ်ထွက်လိုက်ရတယ် ဆိုရင် မိသားစုဝင်ငွေ လျော့ကျသွားပြီးတော့ ပိုမိုရုန်းကန်ရလေ့ရှိပါတယ်။ နှစ်ယောက်လုံး တက်ညီလက်ညီ ဆက် အလုပ်လုပ်နိုင်မယ်ဆိုရင် ကလေးရဲ့ အနာဂတ်အတွက်ရော၊ မိသားစု အနာဂတ်အတွက်ပါ အခွင့်အလမ်း တွေ ပိုရှိမှာ ဖြစ်ပါတယ်။

လုပ်ငန်းအတွက်ရတဲ့ နာမည်ကောင်း

ဝန်ထမ်းများအတွက် နို့ချိုထိန်းခန်း ဖော်ဆောင်ထားပေးခြင်းဟာ ကုမ္ပဏီရဲ့ နာမည်ကောင်း ကိုလည်း ဖြစ်စေပါတယ်။ စီးပွါးရေး အဝန်းအဝိုင်းအတွင်းမှာ လူမှုအကျိုးပြုခြင်း ဆိုတဲ့ စီမံခန့်ခွဲမှုကောင်းသတင်း ရရှိစေပြီး ပြည်သူနှစ်သက်တဲ့ စီးပွါးရေး လုပ်ငန်းအဖြစ် ရပ်တည်လာနိုင်စေပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့ မိခင်များ အတွက်လည်း စိတ်ချယုံကြည်စွာ ကိုယ်စွမ်းဉာဏ်စွမ်း ထုတ်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် နာမည်ရနိုင်ပါတယ်။

ဖော်ပြပါ အချက်တွေအရ နို့ချိုထိန်းခန်း ဆိုတာ အရင်းအနှီး ကုန်ကျစရိတ် သိပ်မရှိပေမယ့် အကျိုးအမြတ် က တော့ များစွာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း စဉ်းစားသင့်သလို အလုပ်သမား သမဂ္ဂများ၊ အစိုးရအလုပ်သမားဌာနများက ထည့်သွင်းစဉ်းစားသင့်တဲ့ မူဝါဒ ဖြစ်ပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားအခွင့်အရေး ၊ အမျိုးသမီးများတန်းတူညီမျှခွင့် နဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည် တို့အတွက် အရေးပါလှတဲ့ နို့ချိုထိန်းခန်းများ ရှိတဲ့ လုပ်ငန်းခွင်များစွာ ပေါ်လာရေး ဆန္ဒပြု ရေးသား လိုက်ရပါတယ်။