မမိုမိုမဉ္ဇူသည် ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ်တွင် အလုပ်လုပ်နေသူ ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်သည်။ အလုပ်လုပ်နေရင်း ရင်သွေးကို ပျိုးထောင်ရသည့် လုပ်ငန်းခွင်ဝင် မိခင်တစ်ဦးလည်း ဖြစ်သည်။ မမိုမိုမဉ္ဇူ သည် မိခင်လောင်း ကိုယ်ဝန်ဆောင် ဘဝကတည်းက ကလေးအတွက် ကြိုတင်လေ့လာမှုများ ပြုလုပ်ခဲ့သည်။ မိခင်နို့ တစ်မျိုးတည်းကိုသာ ခြောက်လသားအထိ တိုက်ကျွေးခြင်းက ကလေး၏ ဖွံ့ဖြိုးမှုအတွက် အရေးပါကြောင်း သိရှိလိုက်ပြီးနောက် စိတ်ပူပန်မိသွားသည်ဟု ဆိုသည်။
မမိုမိုမဉ္ဇူ ၏ မီးဖွားခွင့်က ကလေး ၃ လ သားအရွယ်တွင် ပြည့်ချေမည်။ သို့ဆိုလျှင် သူ့ကလေးကို မိခင်နို့ မတိုက်ကျွေးရတော့ပြီလော။ မိခင်နို့ပဲ တိုက်ချင်ပါက အလုပ်က နားရမည်လော။ “အစကတော့ စိတ်ပူခဲ့တာပေါ့နော်။ ဒါပေမဲ့ ကိုယ်ဝန် ၈ လလောက်မှာ မစိုးရိမ်တော့ဘူး။ အလုပ်မှာက နို့ညှစ်ဖို့အတွက် နေရာ ဖန်တီးထားပေးတာကို သိလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
လုပ်ငန်းခွင် ဝင်ရသော မိခင်များသည် အထက် ဆိုခဲ့သည့် အတိုင်း အခက်အခဲများစွာ ရှိသည်။ မြင်သာသော အခက်အခဲတစ်ခုမှာကား ကလေးများအတွက် အာဟာရဓာတ်ပြည့်ဝသော မိခင်နို့ရည်ကောင်းစွာ သောက်သုံးခွင့် မရတော့ခြင်းဖြစ်သည်။ နောက်ထပ်အခက်အခဲမှာ နို့တင်းလာချိန်တွင် လုပ်ငန်းခွင်တွင်ပင် နို့များ ညှစ်ထုတ်ရခြင်း ဖြစ်၍ သန့်ရှင်းမှုဆိုင်ရာ အခက်အခဲများ ကြုံရပြန်သည်။ အိမ်က ကလေး၏ အာဟာရအတွက် စိတ်ပူနေရသဖြင့် လုပ်ငန်းခွင် စွမ်းဆောင်ရည် ကျဆင်းသည်။ မမိုမိုမဉ္ဇူ အတွက် အဆင်ပြေသွားခြင်းမှာ သူ့လုပ်ငန်းခွင်တွင် ထားရှိပေးထားသည် နို့ချိုထိန်းသိမ်းခန်း (lactation room) ကြောင့် ဖြစ်သည်။
နို့ချိန်ထိန်းသိမ်းခန်း ဆိုသည်မှာ ရင်ခွင်ပိုက် ကလေးရှိရာ လုပ်ငန်းခွင်ဝင် မိခင်တို့အတွက် အလုပ်ရှင် စီးပွားရေးလုပ်ငန်းများက စီစဉ်ပေးထားသော ဝန်ဆောင်မှု ဖြစ်သည်။ အမျိုးသမီးဝန်ထမ်းများရှိရာ လုပ်ငန်းခွင်နေရာများတွင် စီမံပေးထားသည့် အခန်းငယ်တစ်ခု ဖြစ်သည်။ သီးသန့် လုံခြုံမှု (privacy) ရှိအောင် စီစဉ်ပေးထားသဖြင့် နို့လှန်ညှစ်ကာ ဗူးထဲသို့ ထည့်နိုင်သည်။ နို့ညှစ်ထည့်ထားသော ဗူးများကို သိမ်းဆည်းရန် ရေခဲသေတ္တာ တစ်လုံး ရှိသည်။ သို့မှသာ နို့ရည်များ မပျက်စီးဘဲ ရှိနိုင်မည်ဖြစ်သည်။ နို့ဘူးများ ဆေးကြောရန် လက်ဆေးကန်လေး တပ်ထားပေးကာ ဆေးထားသော နို့ဘူးများကို ပိုးသတ်ရန် ပေါင်းအိုးတစ်ခုလည်း ရှိသည်။ အဓိက ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင် မိခင်များ အာဟာရ ပြည့်ဝသော နို့ရည်ကို မိမိသားသမီးအား တိုက်ခွင့်ရပြီး လုပ်ငန်းခွင် ဝင်ရာမှာ စိတ်ဖြောင့်စွာ အလုပ်လုပ်နိုင်ရေး ဖြစ်သည်။
“အရှေ့က စီနီယာတွေ တုန်းကဆို နို့တင်းလာရင် အိမ်သာကိုပြေးပြီး ညှစ်ထုတ်ပစ်ရတယ်။ သူတို့ အဆက်မပြေခဲ့ကြဘူးပေါ့နော်။ ခုတော့ privacy ရှိရှိ နို့ညှစ်ရပြီး သိမ်းလို့ရသွားတယ်ပေါ့” ဟု ဧရာဝတီဘဏ်ရုံးချုပ် နို့ထိန်းခန်းကို ပထမဆုံး အသုံးပြုခဲ့သည့် ဝန်ထမ်း မသက်ဝေဝေဝင်း က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
“အလုပ်လုပ်နေတဲ့အချိန်မှာ ကလေးကို မိခင်နို့မတိုက်ရတဲ့အတွက် စိတ်ပူပန်မိပါတယ်။ နို့သိမ်းခန်းမရခင် အချိန်ကဆို အိမ်သာထဲမှာ နို့တွေ ညှစ်ထုတ်ပြီး စွန့်ပစ်ခဲ့ရပါတယ်။နှမြောမိပြီး ကိုယ့်ကလေးအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်” ဟု City Mart Holdings ကုမ္ပဏီမှ စာရင်းကိုင် မသက်ထားဆွေက ပြန်ပြောင်း ပြောပြသည်။ ယခုအခါမှာတော့ သူတို့ ကုမ္ပဏီရုံးမှာ လုပ်သားမိခင်တွေအတွက် နို့ချိန်ထိန်းသိမ်းခန်း လုပ်ပေးထားပြီ မို့ နို့ရည်အာဟာရတွေ အလကားမဖြစ်တော့ဟု ၎င်းက ဆိုသည်။
နို့တိုက်မိခင်တို့အတွက် လုံခြုံတဲ့ လုပ်ငန်းခွင်
နို့ချိန်ထိန်းသိမ်းခန်းက ဝန်ထမ်းအမျိုးသမီးများအတွက် နောက်တစ်ခု ပေးနိုင်သည်မှာ လုံခြုံမှု ဖြစ်ပေသည်။ နို့ချိန်ထိန်းသိမ်းခန်းများ လုပ်ငန်းခွင်ကို ရောက်လာသည့်အခါ လုံခြုံစိတ်ကြည်လင်စွာဖြင့် စိတ်ချလက်ချ နို့ချို သိုလှောင် နိုင်သည်။ “နို့ချိန်ထိန်းသိမ်းခန်းတွေ ရှိလာတော့ ဝန်ထမ်းအနေနဲ့ စိတ်လုံခြုံတယ်။ အလုပ်အပေါ် Trust ပိုရှိလာတယ်။အလုပ်ကို စိတ်နှစ်ပြီး လုပ်နိုင်လာတယ်” ဟု ဝိတိုရိယဆေးရုံမှ အရောင်းမြှင့်တင်ရေး မန်နေဂျာ မသီသီမင်း က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးဝန်ထမ်းများ လုပ်ငန်းခွင်ဝင် မိခင်များအတွက် နို့ချိန်ထိန်းသိမ်းခန်းကို စီးပွားရေး လုပ်ငန်းကြီးများ က စတင် မိတ်ဆက်လာနေပြီဖြစ်သည်။ ဧရာဝတီဘဏ် ရုံးချုပ်၊ ဝိတိုရိယဆေးရုံ၊ City Mart Holdings ကုမ္ပဏီ နှင့် ကမ္ဘောဇ ဘဏ်တို့တွင် ဝန်ထမ်းများအတွက် နို့ချိန်ထိန်းသိမ်းခန်းများ ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိသည်။
၂၀၁၅ ခုနှစ်ကတည်းက ဖောက်သည်များ နှင့် ဝန်ထမ်းများအတွက် Breastfeeding Room ခေါ် မိခင်နို့တိုက်ခန်းများ ဖန်တီးပေးခဲ့ရာမှ နို့ချိန်ထိန်းသိမ်းခန်းများကိုပါ ဆက်လက် ဖန်တီးပေးထား ဖြစ်ကြောင်း ဝိတိုရိယဆေးရုံမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဒေါ်အေးအေးစန်း ဒေါက်တာဒေါ်အေးအေးစန်းက ပြောကြားသည်။
နို့ချိုတိုက်ကျွေးခန်း (Breastfeeding room) ဆိုသည်မှာ ရင်ခွင်ပိုက်ကလေးများ ကို ခေါ်ဆောင်လာတဲ့ မိခင်များ သားသမီးကို အချိန်မရွေး နို့တိုက်ကျွေး နိုင်စေခြင်းငှာ ဆူပါမားကတ်များ၊ ဆေးရုံများ၊ ဘုရားကျောင်းများ၊ လေဆိပ်များတွင် စီစဉ်ဖန်တီးပေးထားသည့် လုံခြုံရာ နေရာမျိုး ဖြစ်ပါသည်။ မိခင်နို့ချို တိုက်ကျွေးခြင်း နှင့် စိတ်အေးလုံခြုံစွာ နို့တိုက်ကျွေးခြင်းကို အားပေးသည့် အစီအစဉ် တမျိုး ဖြစ်ပေသည်။ Lactation room ခေါ် နို့ချိန်ထိန်းသိမ်းခန်းသည်ကား မိမိတို့ ဝန်ထမ်း များအတွက် နောက်ဆံမတင်းဘဲ အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်ကာ ကလေးလည်း အာဟာရ ဓာတ် အပါဆုံး မိခင်နို့ ကို သောက်သုံးနိုင်စေရေး စီစဉ်ထားပေးမှု ဖြစ်သည်။
“ရင်သွေးငယ်များကို သန့်ရှင်းတဲ့ မိခင်နို့ရည်ကို လုံလုံလောက်လောက် ရရှိ တိုက်ကျွေးနိုင်စေဖို့၊ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လာတဲ့ မိခင်များအနေနဲ့ စိတ်ပူပန်စရာ မလိုဘဲ မိခင်နို့ရည် စုဆောင်းနိုင်စေဖို့ ရည်ရွယ်ပြီး နို့ချိန်ထိန်းသိမ်းခန်းကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု City Mart Holding ကုမ္ပဏီလိမိတက်မှ လူသားအရင်းအမြစ်ဒါရိုက်တာ ဒေါ်ယဉ်ယဉ်ဝင်း က ဆိုသည်။
လုပ်ငန်းအတွက် ရရှိသော အကျိုးကျေးဇူးများ
ဧရာဝတီဘဏ်မှ လူသားအရင်းအမြစ် စီမံချက် ဌာနအကြီးအကဲ ဒေါ်ခိုင်ဆွေသော် က ဘဏ်ဝန်ထမ်းများ အတွက် နို့ထိန်းခန်း ထားရှိပေးရခြင်း အကြောင်းကို အောက်ပါအတိုင်း ရှင်းပြသည်။ “ဘဏ်ခွဲပေါင်း ၂၆၅ ဘဏ်မှာ ဝန်ထမ်း ၇၀ ရာခိုင်နူန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်တဲ့ ဝန်ထမ်းအင်အားရဲ့ (၆၀) ကနေ (၇၀) ရာခိုင်နူန်းက အမျိုးသမီးတွေပါ။ ဝန်ထမ်းတွေရဲ့ ပျမ်းမျှအသက်က ၂၉ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့ အရွယ် mirage age ဖြစ်ပါတယ်။ မိခင်တွေက ထားခဲ့ရတဲ့ ကလေးကို စိတ်မချဘူး။ နို့တိုက်ချင်ကြတယ်။ အလုပ်က ထွက်လိုက်ရတာတွေ လျော့သွားအောင် လုပ်ဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။
နို့ချိန်ထိန်းသိမ်းခန်းများ ထားရှိခြင်းသည် ဝန်ထမ်းအမျိုးသမီးများအတွက်သာ မက လုပ်ငန်းအတွက်လည်း အကျိုးရှိလှပေသည်။ ကျန်းမာရေးအရ ခွင့်ယူမှု ကျဆင်းသွားခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တက်လာခြင်း၊ ကလေးနေမကောင်း သဖြင့် မိခင်ခွင့်ယူရမှု ကျဆင်းလာခြင်း စသည့် အကျိုးကျေးဇူးများ ရှိသည်ဟု American Breastfeeding အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ “အဖွဲ့အစည်းတွေထဲမှာ မိသားစုပုံစံမျိုး တစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးခြင်းရဲ့ ကောင်းကျိုး သက်ရောက်မှုတွေကို ကျွန်မ တို့အနေနဲ့ အထင်သေးလို့ မရပါဘူး။ ဒီလို ဖန်တီးပေးတဲ့အတွက် ဝန်ထမ်းနဲ့ အဖွဲ့အစည်းကြား အလုပ်အပေါ် စိတ်အားထက်သန်စွာ တာဝန်သိစိတ်နဲ့ ဆောင်ရွက်မှုအပိုင်းမှာ ပိုတိုးတက်လာပါတယ်။ သူတို့ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်တွေလည်း တိုးတက်လာပြီး ကလေးမီးဖွားထားလို့ အလုပ်ပျက်တဲ့နှုန်း၊ အလုပ်က အနားယူဖို့ ဆုံးဖြတ်လိုက်တဲ့ နူန်းတွေ လျော့ကျသွားတာ တွေ့ရပါတယ်” ဟု ကမ္ဘောဇဘဏ်မှ Learning and Development ဌာန ဦးဆောင်သူ ဒေါ်အိသန္တာလှိုင်က ပြောကြားသည်။
အလုပ်သည် ဝန်ထမ်းများကိုသာမက ဝန်ထမ်းများ၏ ရင်သွေးများကိုပါ ဂရုစိုက်ကြောင်း သိရှိခံစားနိုင်ရသည့်အတွက် လုပ်ငန်းခွင်တွင် စိတ်ကျေနပ်မှု အပြည့် ရရှိစေသည်ဟု City Mart Holdings မှ ဒေါ်ယဉ်ယဉ်ဝင်းက ဆိုသည်။
တွင်ကျယ်စေလိုသည့် အလေ့အထ နိုင်ငံတကာတွင် တွင်ကျယ်နေသော လုပ်ငန်းအလေ့အထ တစ်ခုဖြစ်သည့် အလုပ်ခွင်မှ နို့ချိန်ထိန်းသိမ်းခန်းများ ထားရှိပေးခြင်းသည် မြန်မာနိုင်ငံတွင် ယခုမှ အချို့သော ကုမ္ပဏီကြီးများက စတင်မိတ်ဆက် ကျင့်သုံးနေခြင်း ဖြစ်သည်။ ဘယ်တော့မှ မဖြစ်ခြင်းထက် နောက်ကျခြင်းက ပိုကောင်းပါသည်။ အထက်ပါ ကုမ္ပဏီများရှိ ရုံးအချို့မှ ဝန်ထမ်း အမျိုးသမီးများ အဆင်ပြေကြ နေကြသည်။ “ခုဆို ကျွန်မတို့ ရုံးချုပ်မှာ နို့ချိန်ထိန်းသိမ်းခန်း ရှိလာပြီပေါ့။ အခြား ရုံးခွဲတွေမှာလည်း ရှိရင် စေချင်ပါတယ်။ ပိုများလာရင် လုပ်ငန်းခွင်ဝင်နိုင်တဲ့ မိခင်တွေလည်း ပိုများလာမယ်” ဟု ဘဏ်ဝန်ထမ်း မိခင်တစ်ဦးက ပြောကြားသည်။
စီးပွားရေးလုပ်ငန်းများကို နို့ချိုထိန်းခန်းဆိုင်ရာ အလေ့အထများ မိတ်ဆက်ခြင်း
နိုင်ငံတကာတွင်ရော ပြည်တွင်းမှာပါ စီးပွားရေးလုပ်ငန်းများ အနေဖြင့် အမျိုးသမီးများကို အားပေးမြှင့်တင်သော အလေ့အထကောင်းများ ကျင့်သုံးလာစေရန် အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပံ့ပိုးမြှင့်တင်လေ့ရှိသည်။ “စီးပွားရေးလုပ်ငန်းများ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်း” (Business Coalition for Gender Equality – BCGE) သည် လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းများဖြင့်ဖွဲ့စည်း တည်ထောင်ထား သော အကျိုးအမြတ်မယူတဲ့ အသင်းတစ်ခု ဖြစ်သည်။
“လုပ်ငန်းခွင်တွေမှာ မိခင်နို့ချို ထိန်းသိမ်းခန်း ပံ့ပိုးပေးတဲ့ အစီအစဉ်တွေနဲ့ မိခင်များ အခန်း ထားရှိ ပေးခြင်းက ယှဉ်ပြိုင်မှု အားကောင်းတဲ့ လုပ်ငန်းဈေးကွက်မှာ တာဝန်ယူမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ငန်းရှင် branding ကို တည်ဆောက်ဖို့အတွက် ကူညီပေးပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ဒီလိုလုပ်ဆောင်တဲ့အခါမှာ သူတို့ ထင်ထားတာထက် ပိုမို ကုန်ကျမယ်လို့ ထင်မှားတတ်ကြပါတယ်။ တကယ် လက်တွေ့မှာတော့ နေရာအသစ်တစ်ခုကို တည်ဆောက်ပေးတာထက် ရှိပြီးသာ နေရာတစ်ခုကို သတ်မှတ်ပေးပြီး ခိုင်မာတဲ့ လုပ်ငန်း မူဝါဒ ထားရှိပေးခြင်းက ရင်းနှီးမှုအတွက် ပြန်ရမှု အကျိုးအမြတ်တွေက ပိုများနေပါတယ်” ဟု စီးပွားရေးလုပ်ငန်းများ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်းရဲ့ Country Director ဒေါ်ကျော့ကေသီဝင်းက ပြောကြားသည်။
BCGE အနေဖြင့် စီးပွားရေး လုပ်ငန်းများတွင် မိခင်နို့ချိုထိန်းသိမ်းအခန်းများနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ပေးသည့် အစီအစဉ်များ၊ မူဝါဒများ၊ လက်တွေ့ ဆောင်ရွက်မှုများအား ကျင့်သုံးစေရန် တိုက်တွန်း အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အကောင်အထည်ဖော်လိုသော စီးပွားရေး လုပ်ငန်းရှင်များအား မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။